ပွင့်ဖြူ မတ် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီကစိုက်ပျိုးခဲ့သည့် မတ်ပဲသီးနှံစိုက်ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ သီးနှံအထွက်နှုန်းမှာ တစ်ဧက ၁၆ ဒသမ ၃၁ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မတ်ပဲသီးနှံ ၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံတောင်သူများက ဇန်နဝါရီလမှ စတင်သိမ်းဆည်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မတ်ပဲသီးနှံစိုက်ဧကအားလုံးကို ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဆောင်းသီးနှံရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မတ်ပဲ ၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီမတ်ပဲသီးနှံစိုက်ခင်းများကို တောင်သူတွေက ဇန်နဝါရီလကစပြီး ရိတ်သိမ်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလမှာ စိုက်ဧကအားလုံးကို ရိတ်သိမ်းပြီးစီးခဲ့ပါတယ်။ မတ်ပဲသီးနှံများ သိမ်းဆည်းရာတွင် အထွက်နှုန်းလျော့နည်းမှုမဖြစ်အောင် စနစ်တကျသိမ်းဆည်းကြဖို့၊ သိမ်းဆည်းပြီးတဲ့ မတ်ပဲတွေကိုလည်း အရည်အသွေးကောင်းမွန်အောင် ထိန်းသိမ်းကြဖို့ အသိပညာပေးတာတွေ လုပ်ဆောင်ပေးပါတယ်။ ဒီနှစ်မတ်ပဲစိုက်ခင်းတွေက ပိုးမွှားရောဂါ ကျရောက်မှုမရှိတဲ့အတွက် ယခင်နှစ်ကထက် အထွက်နှုန်းလည်းကောင်းကြတယ်။ တစ်ဧကကို မတ်ပဲ ၁၆ ဒသမ ၃၁ တင်း ထွက်ရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲ ၁၃၂ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းရှိ မတ်ပဲစိုက်ပျိုးတောင်သူများကို သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိအောင် ဆောင်ရွက်ပေးခြင်းအပြင် စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံဖျက်ပိုးမွှားများကျရောက်မှုကင်းရှင်းစေရေး၊ သဘာဝမြေဩဇာစနစ်တကျသုံးစွဲတတ်စေရေး၊ သီးနှံအချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မတ်ပဲသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းများ တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်၍ တောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် မတ်ပဲသီးနှံကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)