ပေါက်ခေါင်းမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါများ ရာနှုန်းပြည့်နီးပါးဆွတ်ခူးသိမ်းဆည်းပြီးစီး

ပေါက်ခေါင်း မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်တွင် ယခုနှစ်မိုးနှောင်းရာသီစိုက် ချည်မျှင်ရှည်ဝါသီးနှံများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ဝါကောက် (သို့) ဆွတ်ခူးလျက်ရှိရာ ယခုအခါရာနှုန်းပြည့်နီးပါးသိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်တွင် တောင်သူများ၏ သီးနှံဝင်ငွေတိုးပွါးစေရန်ရည်ရွယ်၍ မိုးနှောင်းချည်မျှင်ရှည်ဝါ ၇၄၂၂ ဧကစိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပြီး တောင်သူများမှ ဒီဇင်ဘာ ပထမပတ်မှ စတင်ခူးဆွတ်သိမ်းဆည်းခဲ့ရာ ယခုအခါစိုက်ခင်းများအားလုံး သိမ်းဆည်းပြီးစီပြီဖြစ်သည်။ "ဝါတစ်ဧကစိုက်ပျိုးထုတ်လုပ်စရိတ်ကတော့ တစ်ဧကကို ပျမ်းမျှကျပ် သုံးသိန်းခွဲထိရှိတယ်၊ ခုဝါကောက်ချိန်မှာ တစ်ဧကကို ဝါပိဿာ ၉၀၀ ခန့်ထိထွက်ရှိပြီး ဝါဈေးကွက်နဲ့ချိန်ကြည့်မယ်ဆိုရင်တော့ တွက်ခြေကိုက်တဲ့သီးနှံဖြစ်ပါတယ်-စတင်စိုက်ပျိုးချိန်အနေ ခူးဆွတ်ချိန်ထိ ၄ လလောက်ကြာပါတယ်" ဟု ချည်မျှင်ရှည်ဝါ ၄ ဧကစိုက်ပျိုးထားသည့် တောင်သူ ဦးမောင်လေးက ပြောကြားသည်။

ချည်မျှင်ရှည်ဝါသီးနှံသည်ဈေးကွက်ကောင်းရရှိသဖြင့် တောင်သူများမှ အားထားစိုက်ပျိုးကြရာ ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်၌ ဝါကြီးနှင့် ချည်မျှင်ရှည်ဝါအပါအဝင် စုစုပေါင်း ချည်မျှင်ရှည်ဝါ ၇၄၂၂ ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)