ပခုက္ကူ မတ် ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၊ အသိပညာပေး နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ကြသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ကလေးအလုပ်သမား ပေါ်ပေါက်ရသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားများ အများဆုံးတွေ့မြင်ရသည့် အလုပ်အမျိုးအစားများနှင့် အလုပ်ဌာနနေရာများ၊ ကလေးအလုပ်သမားဆိုင်ရာဥပဒေများ၊ ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေသူများအား အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆောင်ရွက်မည့် နည်းလမ်းများ ပါဝင်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ရုပ်ပြများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးခရီးစဉ်မှတ်တမ်း ဓာတ်ပုံများကို စနစ်တကျပြသရာ ပြည်သူများ စိတ်ဝင်စားစွာလေ့လာ ဖတ်ရှုကြကြောင်း သိရသည်။
ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၏ နေ့ထူးနေ့မြတ်ဆိုင်ရာ အကြောင်းအရာများ၊ နိုင်ငံတော်အစိုး၏ တိုင်းကျိုးပြည်ပြုလုပ်ငန်းဆောင်ရွက်မှုများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများကို လစဉ်ပုံမှန်ပြောင်းလဲ ပြသပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)