ဘိုကလေးမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုဆောင်ရွက်

ဘိုကလေး မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင်(၅၀) ဆေးရုံဟောင်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပဆောင်ရွက်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းထွန်းနှင့် ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မြန်မာ့သနပ်ခါးသည် လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)ခန့်က မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ရပ်အနေဖြင့် စတင်အသုံးပြုခဲ့သောကြောင့် မြန်မာ့ရိုးရာအမွေအနှစ်အား လက်ဆင့်ကမ်းထိန်းသိမ်းတတ်ရန်နှင့် ကမ္ဘာ့ဒြပ်မဲ့စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး ယခုကဲ့သို့လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းထွန်းက သနပ်ခါး၏ ဆေးဘက်ဝင်ပုံများ၊ ကျန်းမာရေးအတွက် အထောက်အပံ့ပြုမှုများအား ဟောပြောသည်။

ဆက်လက်၍ ၎င်းလှုပ်ရှားမှုသို့ တက်ရောက်လာကြသူများက သနပ်ခါးလိမ်းခြယ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ကြပြီး သနပ်ခါးနှင့်ပတ်သက်သော အသိပညာပေး ပြသထားရှိသည့် နံရံကပ်ပြဘုတ်များ၊ ဓာတ်ပုံများအား လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)