ဘိုကလေးမြို့နယ်တွင် ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ဆောင်ရွက်

ဘိုကလေး မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင်(၅၀)ဆေးရုံဟောင်းတွင် ယမန်နေ့နံနက်(၁၁)နာရီအချိန်၌ ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ ရဲဝင်းထွန်းနှင့်အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအောင်မြင်ရေးအတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့က ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြပြီး အသက်(၂)လမှ (၅၉)လထိ အရွယ်ကလေးများအား ပိုလီယိုရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ အသက်(၂)လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်ကြသော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးများ၊ (၅)မျိုးစပ်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)