ကလိန်‌အောင်မြို့၌ မီးသတ်ဦးစီးဌာနက ရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

ကလိန်အောင် မတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်‌အောင်မြို့အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် ကလိန်အောင်နယ်မြေမီးသတ်စခန်းမှာ မီးသတ်ဦးစီးမှူးဦးမျိုးဆွေဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဌာနဆိုင်ရာများ၏ ရုံးအဆောက်အဦအတွင်း လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားရှိမှုနှင့် လျှပ်စစ်ပစ္စည်းများ အသုံးပြု‌နေမှုများ၊ ရေအိုး/ ရေစည်/ ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဗူးများထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့သည်။

ထို‌နောက် မီးသတ်ဆေးဗူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို အသိပညာပေးပြောကြားခဲ့ကာ လိုအပ်သည်များအား မှာကြားခဲ့ကြောင်း  သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)