ညောင်လေးပင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို

ညောင်လေးပင် မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို မတ်လ (၃) ရက်နေ့မှ (၈) ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ ဒုတိယနေ့ (အင်္ဂလိပ်စာ) ဘာသာရပ်အား ယနေ့နံနက် (၉) နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် Grade-5 နှင့် Grade -9 ကျောင်းသား/ကျောင်းသူများက ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၌ မူလတန်းအဆင့် Grade-5 တွင် စာမေးပွဲဖြေဆိုသူ ကျောင်းသား(၁၅၇၈) ဦး၊ ကျောင်းသူ(၁၄၈၇) ဦး စုစုပေါင်း (၃၀၆၅)ဦးနှင့် အလယ်တန်းအဆင့် Grade-9 တွင် ဖြေဆိုသူ ကျောင်းသား(၁၀၅၄)၊ ကျောင်းသူ(၁၂၈၉)ဦး စုစုပေါင်း(၂၃၄၃)ဦး ဝင်ရောက်ဖြေဆိုပြီး နှစ်ဆုံးစာမေးပွဲဒုတိယနေ့တွင် (အင်္ဂလိပ်စာ) ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုနိုင်ရန်၊ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ကျ ဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)