ထားဝယ် မတ် ၄
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ် ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများမြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပန်းချီပညာရှင်ဦးလှရွှေက ကျောင်းနေအရွယ်ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာကို အခြေခံမှ စ၍ တတ်သိနားလည်ထားရန်လိုအပ်ကြောင်း၊ ပန်းချီပညာတွင်ပါရှိရမည့် အလင်းအမှောင်များနှင့် ပါဝင်ရမည့်အချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကျောင်းနေအရွယ် ကလေးငယ်များ ငယ်ရွယ်စဉ်မှစတင်ပြီး အခြေခံပန်းချီပညာကို တတ်မြောက်ထားရှိပြီး ပြိုင်ပွဲများတွင် ထူးချွန်စွာပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ ကျောင်းပညာရေးအတွက် အထောက်အကူပြုစေရန်အတွက်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပထမအရွယ်တွင် ပညာရှာ၊ ဒုတိယအရွယ်တွင် စီးပွားရှာ၊ တတိယအရွယ်တွင် တရားရှာဆိုသည့် လောကနီတိတရားနှင့်အညီ ပထမအရွယ်တွင် အသိပညာ၊ အတတ် ပညာများကိုဆည်းပူးလေ့လာရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ပန်းချီပညာရှင် ဦးလှရွှေနှင့် ဦးစိုးနိုင်တို့က ကျောင်းသား/သူ(၂၀)ဦးအား အခြေခံပန်းချီများတွင်ပါရှိရမည့် မျဉ်းရေးဆွဲရမည့်နည်းများအကြောင်း၊ ပုံစံနှင့်ထုထည်များအကြောင်း၊ အလင်းအမှောင်နှင့်အရောင် မျိုးစုံခွဲခြားရေးဆွဲရမည့်နည်းများအကြောင်း အခြေခံပန်းချီ၏ သဘောတရားများနှင့် အခြေခံပန်းချီပညာရပ်များဖြစ်ကြသည့် မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းယိုင်များအကြောင်းကို မတ်လ(၁၄)ရက်နေ့အထိ လေ့ကျင့်သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)