ပွင့်ဖြူ မတ် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး ကြပ်မတ်စစ်ဆေးအသိပညာပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ကာ ဈေးရောင်းဈေးဝယ် ပြည်သူများကို တွေ့ဆုံ၍ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ပလတ်စတစ်ကြွပ်ကြွပ်အိတ်များကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးအသုံးပြုနိုင်သော ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ဈေးရောင်းဈေးဝယ်ရာတွင် လက်ဆွဲခြင်းများ တစ်ပါတည်း ယူဆောင်လာကြရန်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများ ပူးပေါင်းစစ်ရေးအဖွဲ့က ပွင့်ဖြူမြို့မဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ပလတ်စတစ်ပစ္စည်း အစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)