မင်းဘူး မတ် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပွင့်လင်းရာသီအတွင်း ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း အသိပညာပေးအစီအစဉ်ကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး (၄)ထပ်ဆောင် ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်ပြီး ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီ ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများ၊ မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ရှေးဦးမီးငြှိမ်းသတ်ခြင်းကို အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်စေရန် နည်းလမ်းများ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပိုက်များအား ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စုပေါင်းရုံး (၄)ထပ်ဆောင်အတွင်း တပ်ဆင်ထားသော ခေတ်မီမီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများအား ကိုင်တွယ်အသုံး၍ မီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအားအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနှင့် မီးငြှိမ်းသတ်ယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းအစီအစဥ်များကို အသိပညာပေးလေ့ကျင့်ဆောင်ရွက်ခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အဆိုပါ စုပေါင်းရုံးရှိ ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)