တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းအခမဲ့ဖွင့်လှစ်

တောင်ငူ မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ (ကိုယ်စား) ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် () တောင်ငူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဦးသန့်ဇင် (Free Lancer) က အခြေခံအင်္ဂလိပ်ဘာသာစကား (Speaking) ကို သင်ကြားပို့ချပြီး တောင်ငူမြို့နယ် ပန်းချီပန်းပုအစည်းအရုံးနာယက ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ) မှ အခြေခံပန်းချီရေးဆွဲနည်းကို သင်ကြားပို့ချသည်။

အဆိုပါသင်တန်းကို မတ် ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံအင်္ဂလိပ်စကားပြောသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၆၁) ဦး၊ အခြေခံပန်းချီသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၄၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)