(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြခန်းများခင်းကျင်းပြသ

ဘားအံ မတ် ၄

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် သမဝါယမဦးစီးဌာနက ပြခန်းများ ပါဝင်ခင်းကျင်းပြသခဲ့သည်။

အဆိုပါကရင်ပြည်နယ်သမဝါယမဦးစီးဌာနက ခင်းကျင်းပြသော ပြခန်းသို့ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ရာ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်က  နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သမဝါယမကဏ္ဍအနေဖြင့် အသင်းသားတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးနေကြောင်း၊ သမဝါယမအသင်းဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများကို သိရှိစေရန် သမဝါယမကဏ္ဍမှ ပြခန်းတွင် ပါဝင်ပြသရခြင်းဖြစ်ကြောင်း၊ သမဝါယမကဏ္ဍအနေဖြင့် တောင်သူ အကျိုးစီးပွားများကို ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ငန်းများမှ စီးပွားဖြစ်ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း၊ သမဝါယမကဏ္ဍမှ စိုက်ပျိုးရေးစီမံကိန်းသီးနှံများဖြစ်တဲ့ နွေစပါး၊ မိုးစပါး၊ ဝါ၊ ဆောင်းဆီထွက်သီးနှံတွေကို စိုက်ပျိုး အကောင် အထည်ဖော်နေပြီး ထွက်ရှိသည့်ကုန်ချောပစ္စည်းများကို အသင်းအချင်းချင်းချိတ်ဆက်ပြီး ဝယ်ယူကြိတ်ခွဲ ရောင်းချနိုင်အောင် ပေါင်းစပ်ဆောင်ရွက်ပေးခြင်းဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့် ပံ့ပိုးမှုများရရှိနိုင်ရန် သမဝါယမအသင်းအချင်းချင်းပံ့ပိုးငွေ၊ ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှမတည်‌ငွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေ၊ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေမှ မတည်ငွေများရယူခြင်းနည်းလမ်းဖြင့် ဆောင်ရွက်ပေးနေပါ ကြောင်း ပြည်နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် သမဝါယမလုပ်ငန်းများအောင်မြင်‌အောင် ဆောင်ရွက်ရန်နှင့် သမဝါယမထွက်ကုန်များ ထုတ်ပိုးမှုအဆင့်မြှင့်တင်ဆောင်ရွက်ရောင်းချရန် လမ်းညွှန်မှာကြားခဲ့သည်။

ပြခန်းတွင် သံတောင်ကြီးမြို့နယ် ဒေသထွက်ကုန်များဖြစ်သောကော်ဖီမှုန့်၊ ပျားရည်၊ လက်ဖက်ခြောက်၊ လက်ဖက်စို၊ လက်ဖက်မွှေး၊ မျှစ်ခြောက်၊ မျှစ်ချဥ်၊ စပျစ်ဖျော်ရည်များ၊ ဘားအံမြို့နယ် ဆန်လုပ်ငန်းရှင်များ သမဝါယမအသင်းနှင့် ဆီစက်လုပ်ငန်းရှင်များသမဝါယမအသင်းထွက်ကုန်ဖြစ်‌သော ဆန်များနှင့် မြေပဲဆီများ၊ ညီနောင်ရင်း သွင်းအားစုသမဝါယမအသင်း၏ ထွက်ကုန်ဖြစ်သော သဘာဝမြေဩ ဇာများ၊ ယုဇနလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှထွက်ရှိသော မြေပဲဆားလှော်များကို ပြခန်းတွင်ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)