အုတ်တွင်း မတ် ၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် မိခင်နှင့်ကလေးကိုယ့် အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့် ကလေးကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ တာဝန်ခံဆရာမကြီး ဒေါ်စန်းသူဇာမျိုးက ကျောင်းနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းဆင်း ကလေးငယ်များအား တာဝန်ရှိသူများက ကျောင်းပြီးဆုံးကြောင်း ဂုဏ်ပြုလွှာများပေးအပ်ကာ၊ ကျောင်းတွင်း လိုအပ်ချက်များအား ပါဝင်လှူဒါန်းပေးခဲ့ကြသော ကျောင်းသားမိဘများကိုလည်း ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ခဲ့ကြကြောင်း၊ မြို့နယ်မိခင်နှင့် ကလေးကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကလေးငယ်များမှ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ပေးကာအမှတ်တရလက်ဆောင်များ ဆက်လက်ပေးအပ်ခဲ့သည်။
ထို့နောက်တက်ရောက်လာကြသော မြို့နယ်မိခင်နှင့် ကလေးကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် မူကြိုကလေးငယ်များ၏ မိဘများမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် မူကြိုဆရာမများ မူကြိုသားငယ်/သမီးငယ်များ၊ ကလေးမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)