ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်းဖွင့်လှစ်

ပြည်  မတ် ၄

နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား/သူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ အထောက်အကူဖြစ်စေမည့် “အခြေခံပန်းချီသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များအား ဦးစွာရှင်းလင်းပြောကြားသည်။ ထို့နောက် ပန်းချီဆရာကြီး ဦးထွန်းထွန်း(ပြည်)က အခြေခံပန်းချီ၏ သဘောတရားများနှင့် အခြေခံပန်းချီပညာရပ်များဖြစ်ကြသည့် မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းယိုင်များဖြင့် ပန်းချီစတင် တည်ဆောက်ပုံများကို သင်ကြားပေးရာ သင်တန်းသား/သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါသင်တန်းအား (၃-၃-၂၀၂၅)ရက်နေ့မှ (၂၈-၃-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းသို့ ပြည်မြို့အတွင်း အခြေခံပညာဦးစီးဌာနရှိ ကျောင်းပေါင်းစုံမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၀ ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကိုစိုး (ပြည်)