ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများစတင်ဖြေဆို

ညောင်လေးပင် မတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို မတ်လ(၃)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ ပထမနေ့(မြန်မာစာ)ဘာသာရပ်အား ယနေ့နံနက်(၉)နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။      

ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၌ မူလတန်းအဆင့် Grade-5 တွင် စာမေးပွဲဖြေဆိုသူ ကျား(၁၅၇၈)ဦး၊ မ(၁၄၈၇)ဦး စုစုပေါင်း(၃၀၆၅)ဦးနှင့် အလယ်တန်းအဆင့် Grade-9 တွင်ဖြေဆိုသူ ကျား(၁၀၅၄)၊ မ(၁၂၈၉)ဦး စုစုပေါင်း(၂၃၄၃)ဦး ဝင်ရောက်ဖြေဆိုကျပြီး ယနေ့၌နှစ်ဆုံးစာမေးပွဲပထမနေ့  ( မြန်မာစာ) ဘာသာရပ်ကိုအေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်၊ မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)