တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂလိပ်စာ 4 Skills သင်တန်း စတင်ဖွင့်လှစ်

တောင်တွင်းကြီး မတ် ၃

ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ ကျောင်းပညာရေးတွင် အထောက်အကူဖြစ်စေရန်နှင့် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်း၀င်စေရန်အတွက် အင်္ဂလိပ်စာ 4 Skills သင်တန်းကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပညာဒါနအဖြစ် ယနေ့နံနက် (၈) နာရီက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမိုးမိုးမြင့်က အခမဲ့ပညာဒါနအဖြစ် သင်တန်းများဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး 0.1 သင်တန်းနည်းပြ ဆရာဦးစိုးလွင်(အင်္ဂလိပ်စာ)က သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ အင်္ဂလိပ်စာ 4 Skills သင်တန်းသို့ Grade(6)နှင့် အထက်တန်းကျောင်းသား/ကျောင်းသူ (၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး မတ်လ(၃)ရက်နေ့မှ မတ်လ(၂၈)ရက်နေ့အထိ (၄)ပတ်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်(၈)နာရီမှ (၉)နာရီ (၃၀) မိနစ်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

နောင်နောင် (ဗိဿနိုးမြေ)