ရွှေကျင်မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်

ရွှေကျင် မတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် မတ်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ဖွင့်လှစ်‌ခဲ့သည်။

ဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က သင်တန်းဖွင့်ပေးခြင်း၏ ရည်ရွယ်ချက်အားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းမှ ဒုတိယတပ်ဖွဲ့မှူး ဦးထင်လင်းဟန်က ကြက်ခြေနီအသင်းစတင်ဖြစ်ပေါ်လာပုံအကြောင်း၊ လိုက်နာရမည့်ကျင့်ဝတ်နှင့် စည်းကမ်းများအကြောင်း၊ အရေးပေါ်လူနာများအား အခြေခံရှေးဦးပြုစုခြင်းအကြောင်းအရာများအား ရှင်းလင်းပြောကြားပေးကာ အရေးပေါ်အသက်ကယ်နည်းများအား လက်တွေ့သင်ကြားပြသပေးခဲ့သည်။ အဆိုပါသင်တန်းသို့ ‌မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကြက်ခြေနီအသင်း၏ အခြေခံရှေးဦးပြုစုခြင်းကို စိတ်ပါဝင်စားသော ကလေးငယ် (၃၅) ဦးတို့ တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)