ပဲခူး မတ် ၃
အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံ အားကစားသင်တန်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ်များ ပိုမိုသက်ဝင်ယုံကြည်ကာ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားစေခြင်းဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားကဏ္ဍနဲ့ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် နွေရာသီအခြေခံ အားကစားသင်တန်းများမှ ဗီဇပါရမီရင့်သန်ပြီး အောင်မြင်မှုအလားအလာရှိသော ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားကောင်းများပေါ်ထွက်လာပြီး ဆက်လက်လေ့ကျင့်ပေးသွားနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်လာစေရေး စတဲ့ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နွေရာသီအားကစား သင်တန်းသား၊ သင်တန်းသူများက အားကစားသစ္စာအဓိဋ္ဌာန် လေးချက်ရွတ်ဆိုပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က အားကစားနည်းအလိုက် အားကစားအထောက်အကူပြု ပစ္စည်းများ ပေးအပ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံ အားကစားသင်တန်းကို ဟော်ကီ၊ ဘောလုံး၊ အေရိုးဗစ် (Fitness Dance)၊ ကရာတေး၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ ဖူဆယ်၊ တင်းနစ်၊ ကြက်တောင် စသည့် အားကစားနည်း (၁၁) မျိုးဖြင့် မတ်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး တိုင်းဒေသကြီးအားကစားခန်းမ၌ အေရိုးဗစ် (Fitness Dance)၊ ကရာတေး၊ ဘတ်စကက်ဘော၊ ကြက်တောင်အားကစားနည်းများ၊ ကိုလည်းကောင်း၊ ခရိုင်အားကစားကွင်း၌ ဟော်ကီ၊ ပြေးခုန်ပစ် အားကစားနည်းများကိုလည်းကောင်း၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ဘောလုံးအားကစားနည်းကိုလည်းကောင်း၊ တိုင်းဒေသကြီးစားပွဲတင်တင်းနစ်ခန်းမ၌ စားပွဲတင်တင်းနစ် အားကစားနည်းကိုလည်းကောင်း၊ အ.ထ.က (စာလေးကွင်း) ကျောင်း၌ မြန်မာ့သိုင်းအားကစားနည်းကိုလည်းကောင်း၊ ဖူဆယ်အားကစားကွင်း (ဟင်္သာကုန်း) ၌ ဖူဆယ်အားကစားနည်းကိုလည်းကောင်း၊ ဟင်္သာတင်းနစ်ကွင်း၌ တင်းနစ်အားကစားနည်း ကိုလည်းကောင်း သတ်မှတ်ထားရှိသည့် သင်တန်းအချိန်အတိုင်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)