ထားဝယ် မတ် ၃
တနင်္သာရီတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့် ကာယပညာဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသလို နိုင်ငံတော်က ချမှတ်ပေးထားသော အားကစားနှင့်ကာယပညာဆိုင်ရာ မူဝါဒများနှင့်အညီ အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံးလူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုအသက်ဝင်ယုံကြည်လာခြင်းမှသည်တ စ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသော အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းဖြင့် အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မြဲလာစေရန်၊ စည်းကမ်းကောင်းမွန်ပြီး အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်မှု၊ အနစ်နာခံတတ်မှု၊ ရိုင်းပင်းကူညီတတ်မှု စသည့်အမူအကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်များအား အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကိုငယ်စဉ်ကတည်းက စနစ်တကျ တတ်သိနားလည်လေ့ကျင့်လာစေရန် ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကျောင်းသားအားကစားပြိုင်ပွဲများတွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိသော အားကစားသမားများသည် နွေရာသီအခြေခံအားကစားသင်တန်းမှ ထွက်ပေါ်လာခဲ့သောကြောင့် သင်တန်းသားများအနေဖြင့် တိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်အောင် ကြိုးစားလေ့ကျင့် သင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုပြီး ကွင်းအတွင်း ပြန်လည်ထွက်ခွာကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွတ်တော်တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှ်သူများ အားကစားဝါသနာရှင်များက မြန်မာ့သိုင်း၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ အေရိုးဗစ်အဖွဲ့များ၏သရုပ်ပြသမှုကို ကြည့်ရှုအားပေးသည်။
နွေရာသီအားကစားသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ကရာတေးဒို၊ ဂျူဒို၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ အေရိုးဗစ်၊ ဘင်ခရာ စသည့် သင်တန်းများကို မတ် ၂၄ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၇၆၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)