တောင်တွင်းကြီး မတ် ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဈေးများ မီးလောင်ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေကြာအင်း (၁) ရပ်ကွက်ရှိ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင် လမ်းညွှန်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ဇေယျဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများတို့က ပွင့်လင်းရာသီကာလ၌ ဈေးဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများ စနစ်တကျထားရှိခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဗူးများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ ဆိုင်ခန်းများတွင် တပ်ဆင်ထားသည့် လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ မြို့မဈေးအတွင်း၌ မီးငြိမ်းသတ်ရေးအတွက်ဆောင်ရွက်ထားရှိသော ရေလှောင်ကန်များ၊ အမြင့်တင်ရေစင်များ၊ မီးချိတ်/မီးကပ်၊ မီးသတိပေးစာတမ်းများ၊ လျှပ်စစ်ဝါယာသွယ်တန်းမှုစနစ်များ ကောင်းမွန်ခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများ မီးဘေးအသိ၊ မီးဘေးသတိရှိစေရန် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ဆောင်ရန်/ ရှောင်ရန်အချက်များ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)