ထားဝယ် မတ် ၃
ကျောင်းသားလူငယ်များအနေဖြင့် ကွန်ပျူတာအား အခြေခံမှစတင်၍ ကျွမ်းကျင် တတ်မြောက်စေရန်အတွက် ရည်ရွယ်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကွန်ပျူတာအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က နွေရာသီကျောင်းပိတ်အားလပ်ရက်ကာလအတွင်း ကျောင်းသား/ ကျောင်းသူလူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုး တက်လာစေရန်၊ မျိုးဆက်သစ် လူရည်ချွန်များ ထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းမှတ်ဉာဏ်အားကောင်းလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာပညာရပ်သည် ကမ္ဘာပေါ်တွင် အလေးပေးသင်ကြားနေရသော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကွန်ပျူတာတတ်မြောက်ကျွမ်းကျင်မှုသည် ယနေ့အချိန်အခါတွင် မရှိမဖြစ် လိုအပ်နေပြီးဖြစ်ကြောင်း၊ ကျောင်းသား/ သူများအနေဖြင့် ကွန်ပျူတာတတ်မြောက်ထားရန်လိုအပ်ကြောင်း၊ ယနေ့ခေတ် အလုပ်ခေါ်ဆိုမှုများတွင် ကွန်ပျူတာအခြေခံအားကျွမ်းကျင်စွာ တတ်မြောက်ထားသူနှင့် မတတ်သူ၏ အခွင့်အလမ်းသည် များစွာကွာခြားလှကြောင်း၊ မြန်မာနိုင်ငံသည် E-Government စနစ်သို့ ပြောင်းလဲနေသည့်အချိန်တွင် လူတိုင်းအတွက် အခြေခံကွန်ပျူတာအရည်အချင်းများကို တတ်ထားရန်မှာ အရေးပါသောအခန်းကဏ္ဍတွင် ပါ၀င်နေကြောင်း ပြောကြားသည်။
သင်တန်းတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်များက Computer Typing ၊ Mouse Skill ၊ English & Myanmar Typing လက်ကွက်ကျွမ်းကျင်မှု Skill ၊ About Computer System ၊ Microsoft Word စသည့် ဘာသာရပ်များကို (မတ်လ ၂၈ ရက်နေ့အထိ) ကျောင်းသားလူငယ်နှင့် ဌာနဆိုင်ရာ သင်တန်းသား (၂၀) ဦးအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)