စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောက္ကာလမ်းကြားရှိ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မုံရွာ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေးနှင့် ရပ်ဝေးရပ်နီးမှခရီးသွားပြည်သူများ၊ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်စေရေးတို့အတွက်ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ လူစည်ကားရာနေရာဖြစ်သည့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောက္ကာလမ်းကြားရှိ မီးရထားသံလမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာဘူတာရှိ မီးရထားဝန်ထမ်းများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့် ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေ ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် (၁၃) ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား (၁၁၀၀) ဦးကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)