စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မုံရွာ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ၃ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်း ၃ ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းကျင်းပရာ ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှအရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများမှ ဆွမ်း၊ဆွမ်းဟင်းနှင့်ဆွမ်းဆန်စိမ်းများလောင်းလှူရန် ပြင်ဆင်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့်ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများမှ ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထုငွေများအား လောင်းလှူခြင်းနှင့် သီလရှင်ဆရာကြီး၊ဆရာလေးများအား ဆွမ်းဆန်စိမ်း၊ စားသုံးဆီနှင့်ဝတ္ထုငွေများအား လောင်းလှူကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းနှင့်ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့်မိသားစုဝင်များမှ လစဉ်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်။