ထားဝယ် မတ် ၂
ပြည်တွင်း၊ ပြည်ပသာသနာပြုပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဆရာကြီးဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန်ဒန်)တို့ တည်ထောင်ဖွင့်လှစ်ထားသော ထားဝယ်ဗုဒ္ဓတက္ကသိုလ်၏ သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာ၌ ကျင်းပရာရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီးမီးထွန်းညှိပူဇော်သည်။
ထို့နောက် ကြွရောက်လာကြသောသံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့်ဒေသခံပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပြီး တေးသံရှင်မစန္ဒာစိုး(ယဉ်ကျေးမှုတက္ကသိုလ်)က ထူးမခြားနား ဓမ္မတေးဖြင့် သီဆိုပူဇော်သည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ) ဆရာဦးအောင်ဇော်နိုင်က ထားဝယ်ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်ခြင်းနှင့် ပညာရေးဆိုင်ရာအကြောင်းအရာများကို တင်ပြလျှောက်ထားပြီး ထားဝယ်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်မြိုမယဉ်ငေးသာသနာ့ ရိပ်သာပဓာနနာယကဆရာတော်ဘဒ္ဒန္တဣန္ဒဉာဏ (သဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယထံက ဩဝါဒကထာမိန့်ကြားကာ B.A ဘွဲ့များ၊ Diploma Basic၊ Diploma (PA.B.E)ဘွဲ့များ လက်ခံယူကြမည့် ကျောင်းသား/ကျောင်းသူများ၏ ဘွဲ့ခံစာရင်းကို အတည်ပြုလက်မှတ်ရေးထိုးသည်။
ဆက်လက်၍ သံဃာအရှင်သူမြတ်များအား အလှူရှင်များနှင့် ကျောင်းသား၊ကျောင်းသူများက လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းငွေများအားပေးအပ်ရာ တာဝန်ရှိသူကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ဒေသရှိပြည်သူများက ထားဝယ်ဗုဒ္ဓတက္ကသိုလ်မှ ဗုဒ္ဓစာပေများလေ့လာသင်ယူပြီး ဗုဒ္ဓဘာသာကောင်းတစ်ဦးအဖြစ်ရပ်တည်ပြီး ကြိုးစားအားထုတ်ကြရန်လိုအပ်ကြောင်း၊ ထားဝယ်ဗုဒ္ဓတက္ကသိုလ်ကြီးကို အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းနှင့် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ၂ဝ၂၂-၂ဝ၂၃ ခုနှစ်တို့တွင် အောင်မြင်ခဲ့ကြသော B.A ဝိဇ္ဇာဘွဲ့ရ (၃ဝ)ဦး၊ Diploma ဘွဲ့ရ (၂၉) ဦးနှင့် Basic Diploma (PA.B.E) (၂၆)ဦးတို့အား ဘွဲ့လက်မှတ်များပေးအပ်ခဲ့ကြပြီး ထားဝယ်ဗုဒ္ဓတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ်(သင်ကြား) ဆရာဒေါက်တာဘဒ္ဒန္တဓမ္မာနန္ဒ(သာသနဓဇဓမ္မာစရိယ၊ဝိနယဝိဒူ)က ဘွဲ့ယူပြီးကြသည့်သံဃာတော်၊ သီလရှင်၊ ကျောင်းသား/ကျောင်းသူများ၏ သာသနာပြုကတိသစ္စာကိုတိုင်ကြားပေးကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားအား ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)