ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ပဲခူး မတ် ၂    

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မတ်လ(၁) ရက်နေ့ ညနေပိုင်းက ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။         

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင် (၆)ခုတို့မှ ဒေသထွက် သစ်သီးဝလံပန်းမန် ပြိုင်ပွဲဝင်သစ်သီးဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှု၊ ဒေသထွက် လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်း၊ မွေးမြူရေးဆိုင်ရာပြခန်းများ၊ မွေးမြူရေးစံပြခြံများ၊ မျိုးစေ့၊ သွင်းအားစုနှင့် ဒေသထွက်ကုန်အရောင်းပြခန်း စုစုပေါင်း(၁၀၀)ခန်းကျော်အား ဆိုင်ခန်းတစ်ခုချင်းအလိုက် လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်များအား နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ FDA ထောက်ခံချက်ရရှိနိုင်ရေး၊ ပြည်ပပို့ကုန်အဆင့်ထိ မျှော်မှန်းထုတ်လုပ်ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။         

အဆိုပါ ပြခန်းများတွင် ဒေသထွက် ဝါး၊ သစ်သား လက်မှုပစ္စည်းများ၊ သံရည်ကြိုပုံသွင်း လောင်းထားသည့် သံထည်ပစ္စည်းများ၊ တန်ဖိုးမြှင့် ရေရှည်စားသောက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူလယ်သမားများအတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက်စက်များ၊ ဘက်စုံသုံး စိုက်ပျိုးရေးကိရိယာ စုစုပေါင်း ဒေသထွက်ကုန် အမျိုးပေါင်း(၈၀၀)ကျော် ထည့်သွင်းပြသထားပြီး လာရောက်လေ့လာသူများ၊ စတုဒိသာကျွေးမွေးခြင်းများ၊ ဈေးဝယ်သူများအပြင် အခမဲ့ဇာတ်သဘင် လာရောက်ကြည့်ရှုသူများ၊ ပွဲဈေးတန်းများ၊ ကလေးကစားကွင်းများတွင်လည်း စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)