လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထင်ရှားလာသော မြန်မာ့သနပ်ခါး

 

မင်းဘူး မတ် ၂

မြန်မာနိုင်ငံတွင် သနပ်ခါးကိုသုံးစွဲလာကြသည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော် အေဒီ ၅ ရာစုမှ အေဒီ ၉ ရာစုအတွင်း ပျူခေတ်မှယနေ့အထိ နှစ်သက်စွာအသုံးပြုလာကြပြီး “လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်” အဖြစ် တစ်စတစ်စ ထင်ရှားလာခဲ့သည်။

မြန်မာ့ရိုးရာသနပ်ခါး သုံးစွဲမှုနှင့်ပတ်သက်၍ အေဒီ ၁၁ ရာစု ပုဂံနဂါးရုံဘုရားနှင့် အပ္ပာယ်ရတနာဘုရား  နံရံဆေးရေး ပန်းချီကားများတွင် သနပ်ခါးနှင့်ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့် အလှဆင်နေသည့် မိန်းမပျိုပုံများကိုတွေ့ရသောကြောင့် ပုဂံခေတ်တွင်လည်း မြန်မာမိန်းမပျိုတို့သည် သနပ်ခါးဖြင့် အလှဆင်လိမ်းခြယ်ကြကြောင်း သိရပြန်သည်။ 

သနပ်ခါးကို ရှေးပဝေသဏီကပင် စတင်သုံးစွဲခဲ့ကြသကဲ့သို့ နောင်တွင်လည်း မည်သည့်ခေတ်အခါမျှ သနပ်ခါးသုံးစွဲသည့်အစဉ်အလာ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ မြန်မာအမျိုးသမီးတိုင်း နှစ်သက်မြတ်နိုးစွာ ခြေဆုံးခေါင်းဆုံးလိမ်းကာ အမျိုးမျိုးခြယ်သနေကြမည်သာဖြစ်ပြီး ပါးပြင်ဖွေးဖွေး၌ သနပ်ခါးပါးပါးလေးလိမ်းထားရုံဖြင့် မိန်းမပျိုလေးတစ်ဦး၏အလှသည် မြန်မာမှုဆန်က အလွန်ယဉ်ကျေးသိမ်မွေ့၍ လှပဖွယ်ဖြစ်ပါသည်။

အနောက်တိုင်းဖြစ် မိတ်ကပ်များသည် အမျိုးသမီးများ၏အလှကို ထာဝရမဖြည့်ဆည်းနိုင်ပေ။ တဒင်္ဂအလှကိုသာ ပေးစွမ်းနိုင်ပြီး၊ မိတ်ကပ်များ လိမ်းထားခြင်းသည် သနပ်ခါးကဲ့သို့ နေပူဒဏ်ကို မကာကွယ်နိုင်ပေ။ မိတ်ကပ်လိမ်းသူတိုင်း အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုလည်း ဖြစ်စေနိုင်သည်ဟု  ပညာရှင်များက ဆိုကြသည်။ သနပ်ခါးအမြဲလိမ်းသော အမျိုးသမီးများသည် အလှကျက်သရေတိုး၍ အမြဲလှပစေသည်။ အမျိုးသမီးများ၏ တစ်ကိုယ်လုံးကျော့ရှင်းသော ရူပါအဆင်းနှင့် စွဲမက်ဖွယ်ကိုယ်သင်းရနံ့ဖြစ်စေသည်မှာ သနပ်ခါး၏ထူးခြားမှုတစ်ရပ်ပင်ဖြစ်သည်။ သနပ်ခါးလိမ်းပြီးချွေးကလေးတစိုစိုဖြင့် သင်းပျံ့ကာမွှေးနေကာ ဝါဝင်း၍ ချစ်စဖွယ်မျက်နှာလေး ဖြစ်နေသည်။

သနပ်ခါးနှင့် ပတ်သက်သောအကြောင်းကို ဗုဒ္ဓဝိနည်းပညတ်ချက်နှင့် ဓမ္မပဒပါဠိတော်၌လည်း တွေ့ရလေသည်။ ဝေဿန္တရာဇာတ်၌ ဇူဇကာပုဏ္ဏားကြီးက ကဏှာနှင့်ဇာလီအား နှိပ်စက်သဖြင့် ဒဏ်ရာများရခဲ့ရာ နတ်များကထိုဒဏ်ရာကို သနပ်ခါးလိမ်းပေးခဲ့ခြင်းကို ဖော်ပြထားကြောင်း တွေ့ရသည်။

သက္ကရာဇ် ၈၄၆ ခုနှစ် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်ပျို့အရ အင်းဝခေတ် မြန်မာအမျိုးသမီးများ၏ သနပ်ခါးအသုံးပြုခြင်းကို ခန့်မှန်းနိုင်သည်။ သက္ကရာဇ် ၁၁၄၃ ခုနှစ်က ရာမရကန် ဦးတိုး၏ နန်းတွင်းသူတို့ အလှအပအပြင်အဆင်ကို ဖော်ကျူးခဲ့သဖြင့်လည်း ဘိုးတော်ဘုရားလက်ထက်မှာပင် သနပ်ခါးသုံးစွဲမှုတို့ရှိနေကြောင်းလည်း သိရပြန်သည်။

မြန်မာ့ရိုးရာသနပ်ခါးသည် မြန်မာနံ့သာ ၁၀ မျိုးတွင် အခေါက်နံ့သာရည်တစ်မျိုးအဖြစ်ပါဝင်သည်။ သနပ်ခါးတွင် “သန” ဆိုသည်မှာ မြန်မာ့အဘိဓာန်တွင် “မသန့်မရှင်း၊ အညစ်အကြေး” ဟုဆိုပါသည်။ “ခါ” ကမူ “စွန့်ထုတ်ခြင်း” ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “သနခါ” ဟူသည် မကောင်းသော အညစ်အကြေးများကို စွန့်ထုတ်ပေးသောအရာပင်ဖြစ်သည်။ သနခါမှ ကာလရွေ့လျားလာသည့်အခါ သနပ်ခါးဟု  ပြောင်းလဲလာခြင်းဖြစ်သည်ဟု ဖွင့်ဆိုထားသည်။

မြန်မာသမားတော်ကြီးများကမူ လူ၏ခန္ဓာကိုယ်မှ သွေးပုပ်အညစ်အကြေးများကို ကင်းစင်အောင် ဖယ်ရှားပေးနိုင်သောကြောင့် သန-ရွံ့ရှာ ဖွယ်သောအမှုကိုဖယ်၏ ဟူ၍ပေးသဖြင့် သနခါမှ သနပ်ခါးခေါ်ကြောင်း ရှင်းပြထားသည်။ အမှန်တကယ်လည်း သနပ်ခါး၏ အရသာမှာ ခါးသဖြင့် ထိုကဲ့သို့ဆိုခြင်းမှာ  လျော်ကန်လှသည်။ 

သနပ်ခါးနှင့်ပတ်သက်၍ သနပ်ခါး၏ မူလပုဒ်ရင်းကို သက္ကတကျမ်း၊ ပါဠိကျမ်းတို့၌ မတွေ့ရ။ အာယုဗ္ဗေဒကျမ်း၊ သိင်္ဂဓရသဟိတကျမ်း၊ ပါဠိမြန်မာအဘိဓာန်၊ အဘိဓာန် နိဿယျသည် သီယာဝတိစသော နိဿယကျမ်းများတွင်  သနပ်ခါး၏အဓိပ္ပာယ်ကို အမျိုးမျိုးပြဆိုထားသည်။

လယ်တီဦးကောဝိဒ (ပုပ္ပားဦးကျော်ရင်) ကမူ ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း ယုဝတီစက္ခုခန်း၌ “သမ္မာနမာယ ခလီယတိ လိမ္ဗိယ တိတိ သနပ်ခါး” ယာဂန္ဓဇာတိအကြင်သို့သော အရည်ပျစ်ပျစ်နံ့သာနှစ်ကို  သမ္မာ- ကောင်းစွာ၊ နဟာသ-ရေချိုးပြီးမှ၊ ခလီယတိ လိမ္ဗိယတိ-လိမ်း ကျံအပ်၏။ ဣတိ-ထို့ကြောင့်၊ ယာဂန္ဓ ဇာတိ-အကြင်သို့ အရည်ပျစ်ပျစ် နံ့သာနှစ်သည် သနပ်ခါးမည်၏ဟူ၍ ဝိဂြိုဟ်ပြုထားသည်။

သနပ်ခါးနှင့်ပတ်သက်၍ မြန်မာအဘိဓာန်၌ “သနပ်ခါး ဆိုသည်မှာ မာကျောသော အသား၊ ထူးပါးသော အကိုင်းအလက်၊ စိမ်းဖျော့ဖျော့ ရွက်မြွှာတို့ရှိပြီး မွှေးသောအခေါက်ကိုသွေးကာ မျက်နှာ ကိုယ်လက်စသည်တို့တွင် လိမ်းကျံရသည့် အပင်တစ်မျိုး ဖြစ်သည်။ ယင်းအပင်၏  အသား၊ အခေါက်တို့ကိုသွေးရာ ရနံ့မွှေးသည်” ဟု ဖွင့်ဆိုထားသည်။

သနပ်ခါးကို ရုက္ခဗေဒ အမည်အားဖြင့်   Limonia Acidissima Linn ဟုခေါ်၍ RUTACEAC  မျိုးရင်း ဖြစ်သည်။ ပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၂၀ မှ ၃၀ ထိ ရှိတတ်သည်။ ပင်စည်နှင့် အကိုင်းများ၌ ချွန်ထက်သော ဆူးများပါရှိကာ အပင်နုစဉ် အပွေးပါးလာ၍ အပင်ရင့်လာမှသာ အပွေးထူသည်။ တန်ခူးလ၊ ကဆုန်လများ၌ အပွင့်ပွင့်၍ ဝါခေါင်လ၊ တော်သလင်းလများ၌ အသီးသီးလေ့ရှိသည်။ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။

ရှေးအခါကသနပ်ခါးပင်ကို အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းတစ်ဝိုက်၊ ပန်ဂျပ်ပြည်နယ်၊ ဗီဟာပြည်နယ်၊ အာသံပြည်နယ်၊ အာရှအရှေ့တောင်ပိုင်း၊ ဇင်းမယ်၊ ထိုင်းနိုင်ငံတို့တွင် ပေါက်ရောက်သည်ဟု ဆိုကြသည်။

ယခုအခါ မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် သနပ်ခါးကို ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ အရာတော်မြို့များတွင် အများဆုံးစိုက်ပျိုးကြပြီး အရာတော်မြို့နယ် တစ်မြို့နယ်ထဲပင်လျှင် သနပ်ခါးစိုက်ဧက တစ်သိန်းကျော်ရှိကြောင်း ဒေသခံများက ဆိုကြသည်။ သနပ်ခါးသည် မြေနီစပ်၊ သဲစပ်၊ ကျောက်စရစ်မြေ၊ နုန်းမြေ၊ သဲနုန်းမြေ၊ ဂဝံမြေ၊ မြေရိုးရိုး၊ ကျောက်အေးမြေတို့၌ ကောင်းစွာဖြစ်ထွန်းပြီး မိုးရေချိန်လက်မ ၂၀မှ လက်မ ၄၀ အထိ ရွာသွန်းသောဒေသများ၌ စိုက်ပျိုးအောင်မြင်နိုင်သည်။

သနပ်ခါး လိမ်းခြယ်ခြင်းကို တောင်ငူခေတ်မှာတွေ့ရှိရသလို ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော် ဓာတုကလျာသုံးသော ကျောက်ပျဉ်ကို ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီ ပြတိုက်တွင် ပြသထားသည်ကိုလည်း တွေ့ရသည်ဟုဆိုကြသည်။ ဒါ့အပြင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်တွင်လည်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အညာသီဟတောဘုရား၏ တောင်ဘက်ရှိ ပွတ်ရွာတွင် နန်းသုံးတော်ဝင် သနပ်ခါးထွက်ရှိကြောင်း လေ့လာတွေ့ရှိရကြောင်း ဆိုကြသည်။ သက္ကရာဇ် ၇၄၅ ခုနှစ် ရာဇာဓိရာဇ်မင်းသည် ဒဂုံသို့ ချီတက်ရာတွင် ကြင်သူသက်ထား ထံသို့ရေးပို့ခဲ့သော သုံးထောင့် အိုင်ချင်းတွင် “သနပ်ခါး ကျောက်ပြင်ပေါ်တွင် သောက်တော်ရေနှင့် ရောသွေးပါလျှင် နံ့သာအပေါ်ကျဲတတ်တယ်” ဟူသော အိုင်ချင်းနှင့် သက္ကရာဇ် ၈၅၅ ခုနှစ် အင်းဝခေတ် ဒုတိယမင်းခေါင်လက်ထက်တွင် ရှင်မဟာရဋ္ဌသာရ ရေးစပ်ခဲ့သော ဘူရိဒတ် ဇာတ်ပေါင်းပျို့တွင် “ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုင်လေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးတသုံးလိမ်း လင့်ကုန်” ဟူ၍ အင်းဝခေတ်ကပင် မြန်မာသနပ်ခါး ကို စုံစုံမက်မက်လိမ်းလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

သနပ်ခါးနှင့်ပတ်သက်၍ ရှေးခေတ်ဆန်ဖွပ်တေး တစ်ပုဒ်တွင် “ရွှေနံ့သာ ခေါက်ကိုလ၊ ကျောက်ပျဉ်မှာ အသာတင်၊ ခန်းခွင်မှာသွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ ဆံတိုလေးရယ်၊  ပိန်းရိုက်စို့လေး” ဟု တေးထပ်ဖြင့်လည်းကောင်း၊ ဦးကြီး၏ “ညဉ့်ချမ်းရယ်နေရီ၊ ချိန်တော်မီ၊ ကေသီပန်းနှင့် ရေခပ်လမ်းမှာ၊ စခန်းသင့်လို့၊ ထက်ဆင့်နီရောင်၊ ချည်စိမ်းပေါင်နှင့်၊ ယဉ်အောင်တောသူ၊ သနပ်ခါးကိုလ၊ ကွက်ပါးမှာကူ” ဟူ၍လည်းကောင်း ရေးဖွဲ့ထားကြသည်။ ကျေးတောရွာရှိ လူပျိုလူရွယ်လေးများ၏ လှောင်ပြောင်လေ့ရှိတဲ့ “သနပ်ခါးလေး ဘဲကျား ရိုက်၊ ဟိုကောင်မလေး ငါနဲ့ကြိုက်” ဟူသော စကားထာကို ကြည့်ခြင်းအားဖြင့် မြန်မာမိန်းကလေးများနှင့် မြန်မာ့သနပ်ခါးသည် ခွဲခြား၍မရနိုင်လောက်အောင်ပင် မြန်မာ့သနပ်ခါးကို ရိုးရာယဉ်ကျေးမှုအဖြစ် အမွှမ်းတင်ခဲ့သည်။

ထို့အတူ တပို့တွဲလပြည့်နေ့တွင် ကရက်မက်၊ နံ့သာဖြူ၊ နံ့သာနီစသည့် အမွှေးနံ့သာသားများနှင့် ရောပြီး မီးရှို့ကာ မြတ်စွာဘုရားရှင်အားရည်မှန်းကာ ပူဇော်ကြသည်။ ထိုသနပ်ခါးသားများဖြင့် ရိုးရာမပျက်နှစ်ပေါင်းများစွာ အစဉ်အဆက်ပူဇော်ခဲ့ကြသည်ကိုအကြောင်းပြု၍  တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့” ဟု သတ်မှတ်ကြခြင်းဖြစ်သည်။ အလားတူ “မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လက ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သနပ်ခါးအစစ်သည် သွေး၍ လိမ်းလိုက်သည်နှင့် သင်းရနံ့ထုံ၏။ လိမ်းပြီး ပွတ်ကြည့်လိုက်လျှင်လည်း ကွာမကျဘဲ ကပ်နေ၏။ အဆီပြန်ခြင်းမရှိ။ ဤမျှဖြင့်ပင် သနပ်ခါးစစ် မစစ် သိနိုင်သည်။ ရှေးရှေးက “ရွှေနံ့သာခေါက်ကိုလ ကျောက်ပေါ်မှာတင် ခန်းခွင်ကမွှေး” ဟု ဆိုရေး ရှိခဲ့သည်။

သနပ်ခါးသည် အမျိုးသမီးများအတွက် လွယ်လင့်တကူလိမ်းခြယ်သည့် အလှကုန်ပစ္စည်းအဖြစ်သာမက လူသားအားလုံးအတွက်လည်း ဆေးဖက်ဝင်ကာ တစ်ပင်လုံး အသုံးဝင်၍ သနပ်ခါး၏ အာနိသင်များမှာ မဆုံးနိုင်အောင်ရှိလှသည်။ နေပူထဲ၌ အလုပ်လုပ်ရသူများ သနပ်ခါးထူထူလိမ်းထားပါက အသားအရေလောင်ခြင်းကို ကာကွယ်နိုင်သည်။ အမျိုးသမီးများ မီးယပ်ဖြူဆင်းပြီး အသားအရေပူနွေးနေလျှင် သနပ်ခါးကို ကံ့ကော်ဝတ်ဆံနှင့်သွေး၍ သကြားအနည်းငယ်ထည့် တိုက်နိုင်ပြီး ပူနွေးသောနေရာများကို ထပ်ခါထပ်ခါလိမ်းပေးနိုင်သည်။ သွေးကို ကြွစေတတ်၏။ ပူ၊ ခါး၊ ချုပ်၊ ပွင့် ဖြစ်ပြီး၊ ငန်းမန်းကိုနိုင်စေ၏။ အပူနာ၊ အအေးနာ နှစ်မျိုးလုံးတွင် သုံးနိုင်၏။ လိမ်းလျှင် အေး၍ ချွေးရ၏။ ကျောက်ရောဂါကို ကာကွယ်နိုင်၏။ အဆိပ်သင့်ခြင်း၊ အနာပေါက်ခြင်း၊ ဝက်ရူးနာ၊ ဝက်သက်နာ၊ အနာအညှော်ဝင်ခြင်း၊ ရာသီဖျားတို့ကို ပျောက်ကင်းစေသည်ဟု ဖော်ပြထားသောကြောင့် တန်ဖိုးမဖြတ်နိုင်သော အရည်အသွေးများနှင့် ပြည့်စုံသော သနပ်ခါးကို မတိမ်ကောမပပျောက်အောင် ဆက်လက်ထိန်းသိမ်းကာ မြန်မာ့ရိုးရာ အမွေအနှစ် ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ဇေယျာနိုင်(ရွှေကန်မြေ)