နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲနှင့် မြစ်ရေတင်စီမံကိန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု ငါးတဲစုကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် ကညင်ငူကျေးရွာ မြစ်ရေတင်စီမံကိန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ငါးတဲစုကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့က ဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖြန်းကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီးမီတာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် ၂၀၂၄-၂၀၂၅ တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ (၁၁၄.၇၇၀)ကျပ်သန်းဖြင့် ၁၁ ကေဗွီ ဓါတ်အားလိုင်း ၁ မိုင်နှင့် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တည်ဆောက်ခဲ့ပြီးဖြစ်၍ ကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၁၇၈)စုအတွက် လျှပ်စစ်မီတာ ၄၅ လုံး တပ်ဆင်ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ကညင်ငူကျေးရွာတွင်ကျင်းပသော မြစ်ရေတင်စီမံကိန်းဖွင့်ပွဲသို့ တက်ရောက်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တိုင်းပြည်အေးချမ်းသာယာမှသာလျှင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးမှုကြောင့် စီမံကိန်းပတ်ဝန်းကျင်မှ စိုက်ပျိုးမြေဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိပြီး တောင်သူများအတွက် များစွာအကျိုးရှိကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာရရှိသဖြင့် သီးထပ်စိုက်ပျိုးပြီး နိုင်ငံတော်၏စားရေရိက္ခာဖူလုံရေးကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ထွန်းမှုကြောင့် ကျေးရွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရန်၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စီမံကိန်းဖွင့်လှစ်ပေးခြင်းဖြင့် နွေသီးနှံနှင့်နွေစပါးများကို ကျန်ရှိသောကာလများတွင် စိုက်ပျိုးကြရန်၊ ယခုစီမံကိန်းသည် စိုက်ပျိုးမြေဧက(၁၀၀၀)အကျိုးပြုမည်ဖြစ်ရာ ယခုနှစ်တွင် နွေသီးနှံ(၅၀၀)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးရရှိပြီဖြစ်၍ လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းကြိုးစားပေးကြရန်လိုပါကြောင်း၊ ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲပုတ်နှင့် ပဲကြီးဧက(၁)သိန်းစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပေါ်ဆန်းဖိုရမ်ကို မတ်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သီးနှံများအား ဓာတုကင်းလွတ်ပြီး သဘာဝမြေဩဇာဖြင့်သာ စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီးသည် မြေသယံဇာတ၊ ရေသယံဇာတပေါများ ကြွယ်ဝပြီး လူသားအရင်းအမြစ်များအသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် သီးထပ်စွမ်းအားများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်းကြိုးစားဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။

ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တောင်သူများမှ သိရှိလိုသည်များမေးမြန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် နွေစပါးစံပြကွက်အား ကောက်စိုက်လုံမေများ၊ ကောက်စိုက်စက်များ၊ လက်ဆွဲကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက် (စက်ပါ) အစေ့ချစက်များဖြင့် ရက်၉၀မျိုးစပါး၊ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂၊ ရွှေနံ့သာပေါ်ဆန်း-၂၊ အောင်နိုင်တိုးမျိုးစပါးများအားစိုက်ပျိုးမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ရေကြည်မြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာ တောင်သူဦးမြင့်စိုး၏ ဆောင်းမြေပဲစံပြစိုက်ကွက် (၁၀)ဧက ရိတ်သိမ်းမှုအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ ဆောင်းမြေပဲမျိုးမှာ မကွေး(၁၂)မျိုးဖြစ်ပြီး ၇ စိုက်စနစ်ဖြင့် စိုက်ပျိုးနေမှုအခြေအနေများ၊ ဖြစ်ထွန်းအောင်မြင်မှု၊ အထွက်နှုန်းရရှိမှု၊ ရောင်းဝယ်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ အထွက်နှုန်းများ တိုးတက် ကောင်းမွန်သဖြင့်ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်၊ စားသုံးဆီဖူလုံစေရေးအတွက် တက်ညီလက်ညီကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဆောင်းမြေပဲရိတ်သိမ်းမှု၊ အစေ့ခြွေနေမှုများအားကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ တောင်သူဦးမြင့်စိုး၏ ဆောင်းမြေပဲစံပြစိုက်ကွက်(၁၀)ဧကအား (ဒသမ ၁၀) စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင်ပျမ်းမျှ အစို ၁၆၈ တင်းထွက်ရှိပြီး အခြောက် ၁၅၀ တင်းထွက်ရှိပြီး ကျွန်းဒေါင့်ကျေးရွာတွင် မြေပဲ ၉၈၇ ဧက၊ မတ်ပဲ ၃၅ ဧက၊ ပဲတီစိမ်း ၄၂ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ ဆက်လက်၍ ဖူးရတနာမြေပဲခွဲစက်နှင့် မြေပဲဆီသန့်ကြိတ်စက်သို့သွားရောက်ခဲ့ပြီး မြေပဲအခွံချွတ်စက်၊ မြေပဲသန့်စင်စက်၊ မြေပဲကြိတ်စက်တို့ဖြင့် မြေပဲဆီကြိတ်ခွဲနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး မြေပဲဝယ်ယူရရှိမှု၊ ကြိတ်ခွဲမှု၊ မြေပဲဆီထွက်နှုန်းနှင့် ရောင်းချရမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ အရည်အသွေးကောင်းမွန်စေသည့် မြေပဲဆီများကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်စေရေးနှင့် လိုအပ်များ မှာကြားခဲ့သည်။

ဆက်လက်၍ နှောကုန်းကျေးရွာ၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ကာ ဆရာတော်များအားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကိုလျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ (၆၃) နှစ်မြောက် တောင်သူ လယ်သမားနေ့  အခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံများစိုက်ပျိုးထားရှိမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးပြသထားရှိမှု၊ ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်အလိုက် MSME ပြခန်းများခင်ကျင်းထားမှု၊ လုပ်ငန်းရှင်ကုမ္ပဏီများမှ လယ်ယာသုံးစက်ကရိယာနှင့် စိုက်ပျိုးရေးသုံးဆေးများ ခင်းကျင်းပြသထားမှု၊ အသိပညာပေးပြခန်းများ ခင်းကျင်းပြသထားမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာရှိ တောင်သူဦးမြင့်စိုးနှင့် တောင်သူဦးဝင်းထိုက်၏ စိုက်ဧက(၂၀)ဧကတွင် (Super sun-41 )နေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုများ ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက နေကြာပင်များအားရေဖျန်းသည့်စနစ်ဖြင့် ရေပေးခြင်း၊ မြေဩဇာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ခြင်း၊ ပိုးမွှားများမကျရောက်စေရေး ဂရုစိုက် ဆောင်ရွက်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး နေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ အပွင့်ရရှိမှု၊ အောင်စေ့ပါဝင်မှု၊ အထွက်နှုန်း၊ ဆီကြိတ်ခွဲရရှိမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိနိုင်မှု အခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး အောင်မြင်အောင် ဆောင်ရွက်စေရေး၊ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)