ညောင်လေးပင် မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှမြင့်မှ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် အနာဂတ်နိုင်ငံတော်မှာ လူငယ်များ၏စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့အပေါ် မှီတည်နေရာ တိုင်းပြည်၏ အခန်းကဏ္ဍအားလုံးကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သော အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် စနစ်တကျပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း အကျယ့်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပရာ ဘင်ခရာသင်တန်းသူ/ သင်တန်းသားများအဖွဲ့မှ ဘင်ခရာသံစုံတီးလုံးဖြင့် သရုပ်ပြဖျော်ဖြေခြင်း၊ Fitness Dance သရုပ်ပြအဖွဲ့မှ အကများဖြင့် ကပြဖျော်ဖြေခြင်း၊ ရိုးရာခြင်းအားကစားသမားများမှ ရိုးရာခြင်းခတ်ခြင်းတို့ဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှမြင့်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ကျောင်းဆရာ၊ ဆရာမများ၊ မြို့မိ/မြို့ဖများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)