ကော့သောင်း မတ် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၂၃)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာပြန်စာမေးပွဲ အလှူတော်ငွေပေးအပ်ပွဲနှင့် စာပြန်စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြည်တော်အေးသာသနာ့ ဗိမာန်တော်တွင်ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ သံဃနာယက ဆရာတော်ကြီးများ၊ စာချ၊ စာမဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စာပြန်ပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တရားနာပရိသတ်တို့က ရွှေပြည်သာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ခရိုင်သာသနာရေးမှူး ဦးကျော်ဦးက သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားခဲ့ပြီး ယင်းနောက် ပရိယတ္တိသာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်စာမေးပွဲဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာများ၊ရပ်ကွက်၊ကျေးရွာများမှ အလှူငွေများ လှူဒါန်းခြင်းအတွက် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် ရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့ကြသည်။
ထို့နောက် ရွှေပြည်သာကျောင်းတိုက်ဆရာတော်မှ အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်ချသွန်းချသာဓုခေါ်ဆိုအမျှပေးဝေခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များ၊ စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)