ကော့သောင်း မတ် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင်ကျေးရွာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆိုလာအသေးစားဓါတ်အားပေးစနစ်မီးလင်းရေးနှင့် အအေးခန်းသိုလှောင်စနစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအသိပညာပေး သင်တန်းပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက တက်ရောက် အမှာစကား ပြောကြားရာတွင် “နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးသော နိုင်ငံအဖြစ်တည်ဆောက်ရာမှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် အလွန်အရေးပါလှကြောင်း၊ ယနေ့မျက်မှောက်ခေတ်မှာ စွမ်းအင်သုံးစွဲမှုနှုန်းဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာပေးသော အဓိကညွှန်းကိန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ လူနေမှုအဆင့်အတန်းကို မြင့်မားတိုးတက်စေရုံသာမက ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့ကို ထောက်ပံ့ပေးနိုင်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများပါ တစ်ပါတည်း ရရှိလာစေမှာဖြစ်ပါကြောင်း၊ ဦးစီးဌာန အနေဖြင့်လည်း ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ မီးလင်းရေးလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်တစ်ခုတည်းဖြင့်သာမက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကဲ့သို့သော နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများရဲ့ အကူအညီများ ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်းကျေးရွာနေပြည်သူများအတွက် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာများ၊ စီမံကိန်းဆောင်ရွက်ခြင်း၏ကောင်းကျိုးဆိုးပြစ်များကို ဝေဖန်ပိုင်းခြား သိမြင်နိုင်စွမ်းနှင့် စွမ်းအင် အကျိုးရှိစွာ အသုံးချမှုဆိုင်ရာအသိအမြင်ဗဟုသုတများ ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် သင်တန်းတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်မီးလင်းရေး လုပ်ငန်းများကိုသာမက ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး၊ ကျေးရွာပြည်သူများအကြား ဆိုလာအသေးစားဓာတ်အားပေးစနစ်ဆိုင်ရာ အသိပညာများနှင့်စွမ်းအင်ကိုအကျိုးရှိစွာ ချွေတာသုံးစွဲတတ်စေရေး နည်းလမ်းများ ပြန့်ပွားစေရေးအတွက်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊တစ်ရက်တာသင်တန်းမျှသာဖြစ်သော်လည်း အားလုံးအတွက်အကျိုးရှိမည့် အတွေ့အကြုံသစ်၊ အသိအမြင်သစ်များ ရရှိစေမည်ဖြစ်ပါ၍ သိရှိလိုသည်များကို သင်တန်းဆရာများနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်း၍ တက်တက်ကြွကြွလေ့လာသင်ယူကြစေလိုကြောင်း” ပြောကြားခဲ့သည်။
ယင်းနောက်သင်တန်းပို့ချခြင်းအား ဆက်လက်ဆောင်ရွက်ရာ သင်တန်းနည်းပြများမှ ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ အသိပညာပေးခြင်းနှင့်စပ်လျဉ်း၍ ပြန်ပြည့်မြဲစွမ်းအင်ရင်းမြစ် မိတ်ဆက်ခြင်းနှင့် ဆိုလာစနစ်အမျိုးအစားများအကြောင်း၊ ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ် စွမ်းအင်ချွေတာသုံးစွဲရေးနှင့်အကျိုးရှိစွာအသုံးချခြင်းအကြောင်း၊ အသေးစားဓါတ်အားပေးစနစ်ဆိုင်ရာ အခြေခံအချက်အလက်များနှင့်အသုံးပြုသည့် အစိတ်အပိုင်းများအကြောင်းနှင့် မဲခေါင်လန်ချန်း အထူး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆိုလာအသေးစားဓါတ်အားပေးစနစ် စီမံကိန်းများ အကြောင်း ရှင်းလင်းပို့ချ၍ သင်တန်းနည်းပြများမှ သင်တန်းသားများနှင့် သိရှိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့သည်။
အဆိုပါဆိုလာအသေးစားဓါတ်အားပေးစနစ် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ အသိပညာပေးသင်တန်းသို့ ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာမှ ကျေးရွာ မီးလင်းရေးကော်မတီဝင်များ အပါအဝင်ကျေးရွာမှစိတ်ပါဝင်စားသည့် သင်တန်းသား(၁၆)ဦး၊ ကော့သောင်းမြို့နယ်၊ ရွာသာယာကျေးရွာမှသင်တန်းသား(၁၀)ဦး စုစုပေါင်း သင်တန်းသား(၂၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)