ကြံခင်း ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကြံခင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် အ.ထ.က(ဘက်ရဲ)၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ အ.ထ.က(၁)၊ အ.ထ.က(၂)ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ လူမှုရေးရာဝန်ကြီးက အားပေးစကားပြောကြားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် သားငယ်၊ သမီးငယ်များအနေဖြင့် ကျန်းမာရေးကိုအထူးဂရုပြုကြရန်၊ သင်ခန်းစာများအား အထပ်ထပ်အခါခါ လေ့ကျင့်ရန်လိုကြောင်း၊ မိမိတို့၏ ဘဝရည်မှန်းချက် လျှောက်လမ်းနိုင်ရန် မလျှော့သော ဇွဲလုံ့လ ဝီရိယတို့ဖြင့် ကြိုးစားကြမှသာ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း၊ ကြံခင်းမြို့နယ်သည် အစဉ်အလာကောင်းသော မြို့ဖြစ်သည့်အတွက် ဘာသာစုံထူးချွန်သူများ ပေါ်ထွက်လာရန် မျှော်လင့်ပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားစေရန် ပုသိမ်တက္ကသိုလ်မှ ကထိကများ၊ ဌာနမှူးများစေလွှတ်ကာ သင်ကြားပို့ချပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် ကြက်ဥ (၁၀)လုံးနှင့် ကွေကာအုပ်အထုပ်သေး (၁၀) ထုပ်ပေးအပ်ပြီး ကျောင်းအုပ်ကြီးများနှင့် အထက်တန်းပြ ဆရာ၊ ဆရာမများဖြင့်တွေ့ဆုံကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်ရက် နီးကပ်နေပြီဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအား အနီးကပ်ကြီးကြပ်ပြီး လိုအပ်ချက်များအား ကူညီပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စာစစ်ဌာန ၅ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၅၂၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)