ပဲခူး မတ် ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအနီး၌ မတ်လ ၁ ရက်မှ ၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနား၌ အများပြည်သူကြည့်ရှုလေ့လာနိုင်ရန် စိုက်ပျိုး/ မွေးမြူရေးပြပွဲပြခန်းများနှင့် MSMEs ဒေသထွက်ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကဏ္ဍစုံလင်စွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့၏ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် သစ်သီးဝလံပန်းမန်ပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာအရောင်းပြခန်းများ၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသော မျိုးကောင်းမျိုးသန့် စံပြစပါးစိုက်ခင်း၊ နေကြာစိုက်ခင်း၊ ပဲအမျိုးမျိုးနှင့် နှမ်းစိုက်ခင်း၊ ဖူးစားပြောင်းနှင့်ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ခင်းများ၊ တိရစ္ဆာန်အစာ အစ္စရေးမြက်ချို(တီကူယံ)နှင့် နေဗီယာမြက် စိုက်ခင်းများအပါအဝင် ဒေသတွင်း တောင်သူများ၏ဒေသကြက်၊ ဘဲ၊ ဝက်နှင့် ဆိတ် မွေးမြူရေးခြံများကို ကဏ္ဍစုံလင်စွာ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။
ထို့အပြင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရင်ပြင်တော် ပေါ်၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် MSMEs ဈေးရောင်းပွဲတော် ကိုလည်းကျင်းပမည်ဖြစ်ကာ ခရိုင်အလိုက် မြို့နယ်များမှ MSMEs ဒေသထုတ်ကုန်မျိုးစုံကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာဝယ်ယူနိုင်ကြမည်ဖြစ်ပြီး ပျော့ပျော့အိအိ ကလေးကစားကွင်း၊ ပင်လယ်ဓားပြအပျော်စီးလှေ အစရှိသည့်ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ကာ ညပိုင်းတွင် တင်မောင်ဆန်းမင်းဝင်း ဦးဆောင်သော “မန်းလင်္ကာဆန်း” ဇာတ်သဘင်ဖြင့် အခမဲ့ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်၍ ပဲခူးမြို့ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို မတ်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပျော်ရွှင်စွာ လာရောက်လေ့လာကြည့်ရှုပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)