တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဂိတ် ဒိုက်ဦး၌ဖွင့်လှစ်

ဒိုက်ဦး ဖေဖော်ဝါရီ ၂၈

တရားမဝင်ကုန်ပစ္စည်းတင်ဆောင်လာသည့် မော်တော်ယာဉ်များသည် တိုင်းဒေသကြီးအတွင်းရှိ ကုန်သွယ်မှုလမ်းကြောင်းများအား ရှောင်ကွင်းလမ်းများမှ သွားလာနေသည့်အတွက် ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ပဲခူးတိုင်းဒေသကြီးအတွင်း မြဝတီ-ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ထိရောက်စွာဖမ်းဆီးနိုင်ရေးအတွက် ဒိုက်ဦး-စစ်တောင်းလမ်း၏ ဒိုက်ဦးမြို့အဝင်နေရာ၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အား ဖွဲ့စည်းကာ ယမန်နေ့နံနက်ပိုင်းက ဂိတ်ဖွင့်လှစ်လိုက်သည်။

အဆိုပါအဖွဲ့တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့မှူရုံး၊ မြို့နယ်သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေး/ကုဦးစီးဌာန ပြည်တွင်းအခွန်ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့နှင့် ပူးပေါင်းဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)