ကန့်ဘလူမြို့နယ်၌ မျက်စိ၊ ကလေး၊ သားဖွားနှင့်အထွေထွေရောဂါဝေဒနာရှင်များအား (ပဥ္စမနေ့) အခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကု​သပေး

ကန့်ဘလူ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် မျက်စိ၊ ကလေး၊ သားဖွားနှင့်အထွေထွေရောဂါဝေဒနာရှင်များအား အခမဲ့စမ်းသပ်စစ်ဆေးကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းများကို တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“ဒီကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ကန့်ဘလူမြို့ မြို့တော်ခန်းမမှာ မျက်စိရောဂါဝေဒနာရှင်တွေကို စမ်းသပ်စစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပြီး ခွဲစိတ်ကုသဖို့လိုအပ်တဲ့ လူနာတွေကို မြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခွဲစိတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ကျန်တဲ့ ကလေးလူနာ၊ သားဖွားမီးယပ်လူနာနဲ့ အထွေထွေရောဂါလူနာတွေကို ဒီခန်းမမှာဘဲ ကုသပေးပြီးစား ဆေး၊ သောက်ဆေး၊ မျက်စဥ်းခတ်ရန်ဆေးများနှင့် ပါဝါမျက်မှန်များကို ပေးခဲ့ပါတယ်” ဟု မြို့နယ် ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးက ပြောကြားသည်။

အဆိုပါ မျက်စိခွဲစိတ်ကုသခြင်းနှင့်အထူးကု ကွင်းဆင်းကုသခြင်းဆောင်ရွက်ပေးခဲ့ရာ ဖေဖော်ဝါရီ ၂၇ ရက်က မျက်စိစမ်းသပ်လူနာ ၄၀၅ ဦး၊ ကလေးလူနာ ၃၂ ဦး၊ သားဖွားမီးယပ်လူနာ ၄၆ ဦး နှင့် အထွေထွေရောဂါလူနာ ၁၃၄ ဦး စုစုပေါင်း ၆၁၇ ဦး ကုသပေးခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၂၃ ရက်မှ ယနေ့  ၂၇ ရက်ထိ ငါးရက်တိုင်တိုင်ကုသပေးခဲ့ရာတွင် မျက်စိစမ်းသပ်လူနာ ၂၉၀၈ ဦး၊ မျက်စိခွဲစိတ်ကုသ လူနာ ၁၈၇ ဦး၊ ကလေးလူနာ ၂၄၉ ဦး၊ သားဖွးမီးယပ်လူနာ ၂၇၉ ဦးနှင့်အထွေထွေရောဂါလူနာ ၇၅၆ ဦး  စုစုပေါင်း ၄၃၇၉ ဦးတို့ကို ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)