စစ်ကိုင်း ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ခရိုင်အဆင့် သုံးသပ် ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အဆိုပါရုံးရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပေါက်တော၊ ပယ်ငါးဆယ်၊ မြေတိုင်၊ ခိုတောင်နှင့် ချောင်းပေါက် ကျေးရွာ (၅)ရွာတွင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၁၅၀)ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ခဲ့မှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် VDP စီမံကိန်းဆောင်ရွက်ခဲ့သည့် ကျေးရွာ(၅)ရွာမှတာဝန်ရှိသူများက မိမိတို့ကျေးရွာအလိုက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည် (၅၂၀)ပေ ရှိသည့် ကွန်ကရစ်လမ်းများ ခင်းကျင်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က ကျေးရွာအလိုက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ခဲ့မှု အခြေအနေများ အပေါ် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)