ထားဝယ်မြို့တွင် မီးဘေးလုံခြုံရေးအသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်

ထားဝယ် ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးလန့်မှုများမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်စေရေး ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာ‌ပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်မှုများကို ထားဝယ်မြို့၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ထွန်းဝင်းက မီးလောင်မှုဖြစ်ပွားရခြင်း၏အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ထွန်းဝင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက DCP မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ အောက်စီဂျင် ဖြတ်တောက်သည့်နည်းစနစ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်များအား အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ လောင်စာဆီကြောင့် လောင်ကျွမ်းသောမီးအား ငြှိမ်းသတ်နည်းနှင့် ကြိုတင်ကာကွယ်ရမည့်နည်းစနစ်များ စသည့်တို့ကို လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြခဲ့ကြပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနရုံး ၀န်ထမ်းများက လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)