စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ၇/၂၀၂၄-၂၀၂၅ သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၂၈

တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ၇/၂၀၂၄-၂၀၂၅ သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင်ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များအားအသုံးချပြီး ကိုယ်ပိုင်လုပ် ငန်းများ ထူထောင်လုပ်ကိုင်သွားပါက နိုင်ငံတော်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သွင်းကန်အစားထိုး ပို့ကုန်အမယ်မြှင့်တင်ခြင်းကိုလည်း အထောက်အကူပြုစေ မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ပို့ချပေးလိုက်သည့် သင်ခန်းစာများအား လက်တွေ့ပြန်လည်အသုံးချပြီး အောင်မြင်သည့်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်းဆင်း လက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံ သို့လည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းခန်းမအတွင်းခင်းကျင်းပြသထားသည့် သင်တန်းသား/သူများကိုယ်တိုင် ပြုလုပ်ထားသည့် Bakery အမျိုးမျိုးတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)