စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ဓါတ်မြေဩဇာနှင့် လက်ဆွဲမျိုးစေ့ကိရိယာ)များ ပေးအပ်ပွဲအခမ်းအနားနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

မုံရွာ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရွှေဘိုတပ်နယ်မှူး၊ တိုင်းဒေသကြီးအအဆင့် ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ရွှေဘိုခရိုင်၊ ရွှေဘိုစက်မှုဇုန်စီမံအုပ်ချုပ်ရေးရုံးတွင် ကျင်းပပြုလုပ်သည့် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ဓါတ်မြေဩဇာနှင့် လက်ဆွဲမျိုးစေ့ကိရိယာ)များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် သီးနှံစိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးသည် အခြေခံကျသည့် အဓိကလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ရွှေဘိုခရိုင်အပါအဝင် တိုင်းဒေသကြီးအတွင်း စိုက် ပျိုးစွမ်းအား မြင့်မားလာရေးအတွက် စိုက်ပျိုးမြေဧရိယာအသုံးချမှုတိုးတက်ရေး၊ တစ်ဧက ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးနှင့် တောင်သူများဝင်ငွေတိုးတက်ရေးအတွက် ရည်မှန်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ကူညီပံ့ပိုးပေးမှုများနှင့်အတူ စိုက်ပျိုးရေးပညာရှင်များ၏ စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးမှုများအား တောင်သူ လယ်သမားများအနေဖြင့် လိုက်နာဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး တိုင်းဒေသကြီး၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ရွှေဘိုမြို့နယ်ရှိ ဒေသခံတောင်သူများအား ဓါတ်မြေဩဇာ ၁၀၀ အိတ်၊ လက်ဆွဲမျိုးစေ့ ကိရိယာ ၅၅ လက်နှင့် ရွှေဆည်ရင်/ရွှေသွယ်ရင်/ဆာဖိုးသာ စပါးမျိုး ၈၀ အိတ်တို့အား အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါခန်းမအတွင်း သီးနှံမျိုးစေ့များ ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်ရှိ မြရည်နန္ဒာလမ်း အရှည် - ၁၈၅၀ ပေ၊ အကျယ် - ၁၄ ပေ ကတ္တရာ လမ်း ခင်းကျင်းပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကတ္တရာလမ်းခင်းကျင်းပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုစက်မှုဇုန်ရှိ တစ်ရက်လျှင် စပါး ၁ တင်းခွဲဝင်အိတ် ၈၀၀ ကြိတ်ခွဲနေသည့် “ရွှေမိုးထွန်း” ဆန်စက်၊ တစ်ရက်လျင် မြေပဲတင်း ၆၀ ကြိတ်ခွဲနေသည့် “ပန်းဝါ” ဆီစက်နှင့် တစ်နာရီလျင် ၁ တင်းခွဲဝင်အိတ် ၄၀၀ သန့်စင်ထုတ်လုပ်နေသည့် “မြတ်ရွှေဝါ” ဆန်ရွေးစက်များသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံများမှ မိမိတို့စက်ရုံအတွင်း ထုတ်လုပ်နေမှုလုပ်ငန်းများအား လိုက်လံရှင်းလင်းပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိတ်ခွဲထုတ်လုပ်နေသည့် ဆန်နှင့်ဆီများအား သန့်ရှင်းလတ်ဆတ်ပြီး ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ နိုင်ငံခြားဈေးကွက်သို့ တင်ပိုရောင်းချနိုင်ရေးတို့အား မှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စက်ရုံများအတွင်း ကြိတ်ခွဲထုတ်လုပ် ထုပ်ပိုးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။ 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုစက်မှုဇုန်ရှိ ဆိုလာ ၉၆ ချပ်တပ်ဆင်ကာ ၆၀၀၀ မဂ္ဂါဝပ်ဖြင့် တစ်နာရီလျင် ၁ တင်းခွဲဝင်အိတ် ၄၀၀ ထုတ်လုပ်နေသည့် “ရတနာမွန်”ဆန်ရွေးစက်များသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စက်ရုံအတွင်း စပါးများသန့်စင်နေမှုနှင့် ဆိုလာတပ်ဆင်ထားရှိမှုများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)