ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ကော့သောင်း ဖေဖော်ဝါရီ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းနှင့်‌ ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းများကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကော့သောင်းခရိုင်နှင့်မြို့နယ်၊ ဘုတ်ပြင်းခရိုင်နှင့်မြို့နယ်များမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ၏ အခက်အခဲများကို မေးမြန်းခဲ့ပြီး လုပ်ငန်းတာဝန်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်၊ ကျန်းမာအောင်နေထိုင်ကြရန်၊ လုံခြုံရေးအသိဖြင့် သွားလာကြရန်၊ မိမိတို့ဝန်ထမ်းဘဝ တိုးတက်ရေးအတွက် ကိုယ်စီ ကြိုးစားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ဘန်းကချွန်ကျေးရွာအုပ်စု၊ SMART Village စီမံကိန်း ဆောင်ရွက်သည့် စိုင်ဒင်းကျေးရွာ စာကြည့်တိုက်သို့ သွားရောက်ခဲ့ပြီး စာကြည့်တိုက်အတွက် လိုအပ်သော MRTV စက် နှင့် စာအုပ်များ လှူဒါန်းပေးအပ်ခဲ့သည်။ ထိုမှတဆင့် (၁၅)မိုင် ကျေးရွာသို့ သွားရောက်၍ ၂၀၂၄-၂ဝ၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရွေ့လျားရေသန့်စင်စနစ်လုပ်ငန်း၊ လက်တူးတွင်းမွမ်းမံခြင်းလုပ်ငန်း၊ ကွန်ကရစ် လမ်းခင်းခြင်း (၆၀၀'x၁၂'x၈') လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တိုင်းဒေသကြီးဦးစီးမှူး၊ ကော့သောင်းခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)