တနင်္သာရီ ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု လျောနည်းပပျောက်စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနွေးဟေမာသင်းနှင့် ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ တောင်ကိုရီးယားနိုင်ငံထုတ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး “Euvichol” ကို အ.ထ.က-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း၌ ချောင်းကြီးရပ်ကွက်အတွင်းမှ အသက် (၁) နှစ်နှင့်အထက် ကလေးများနှင့် အသက်ကြီး အရွယ်အိုများအထိ ဦးတည် အုပ်စုများအား တိုက်ကျွေးပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနွေးဟေမာသင်းနှင့် သားဖွားဆရာမများ၊ ကျန်းမာရေးကြီးကြပ် (၂) များနှင့်ရုံးအဖွဲ့ဝန်ထမ်းမျာ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ကြပ်ကြီး ရဲရင့်နိုင်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ခံများနှင့် အသင်းဝင်များပူးပေါင်း၍ အဖွဲ့များခွဲကာ ကာကွယ် ဆေးမတိုက်ကျွေးမီ လတ်တလောနှင့်တစ်ပတ်အတွင်း ဖျားနာခြင်း၊ ဝမ်းလျောခြင်း ရှိ/ မရှိ မေးမြန်း၍ စာရင်းပြုစုပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးစကားပြောကြားခဲ့ပါသည်။
ထို့နောက် ဆေးတိုက်ကျွေးခြင်းရရှိပြီးသည့်ပြည်သူများအား ကာကွယ်ဆေးနှင့်ဓါတ်မတည့်မှု ရှိ/ မရှိ သိနိုင်ရန် ကာကွယ်ဆေးသောက်ပြီးပါက ဆေးထိုးစုရပ်၌ မိနစ် (၃၀) ခန့်စောင့်ဆိုင်းစေ၍ ကာကွယ်ဆေးတိုက်ကျွေးခြင်း ခံယူပြီး တစ်နာရီအချိန်အတွင်း ရေနှင့်အစားအသောက်များ စားသုံးခြင်းမပြုကြရန် တာဝန်ရှိသူများက အသိပညာပေး ဆွေးနွေးပေးကြသည်။
ယနေ့တွင် ချောင်းကြီးရပ်ကွက်အတွင်းမှ အသက် (၁) နှစ်နှင့် အထက် ကလေးများ၊ သက်ကြီးဘိုးဘွားများနှင့် အ.ထ.က-တနင်္သာရီကျောင်းမှ ကျောင်းသား/ သူများ..စုစုပေါင်း ကျား (၄၆၃) ဦးနှင့် မ (၈၅၃) ဦး၊ ပေါင်း (၁၃၁၆) ဦးတို့အား အောင်မြင်စွာ တိုက်ကျွေးပေးနိုင်ခဲ့ပြီး တနင်္သာရီမြို့နယ် အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနိုင်မှုအခြေအနေမှာ မြို့ပေါ်ရပ်ကွက်များ၌ (၆၀၀၀) ဦး၊ မောတောင်မြို့၌ (၈၀၀၀) ဦး၊ တမုတ်ချုန်းကျေးရွာအုပ်စု-ရေဖြူရွာ၌ (၁၈၀၀) ဦးနှင့် ဆင်ခြေဖုန်းကျေးရွာအုပ်စု-စတိန်သောင်ရွာ၌ (၂၃၃) ဦး …စုစုပေါင်း (၁၆၀၃၃) ဦးကို တိုက်ကျွေးရန် စာရင်းရှိသဖြင့် တစ်ပတ်အတွင်းပြီးစီးနိုင်ရန် နေ့ရက်သတ်မှတ်၍ ဆေးတိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးထံက သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)