ကျွန်းစု ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine – OCV) ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်း၌ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
တိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမ ၁၀ ဦး နှင့် ကျောင်းသား၊ ကျောင်းသူ ၅၁၉ ဦး စုစုပေါင်း ၅၂၉ ဦး အား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (Oral Cholera Vaccine – OCV) ကို တိုက်ကျွေးသည်။
ကျွန်းစုမြို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများသော နေရာများ၌ အသက် ၁နှစ် အထက် ကလေးနှင့်လူကြီး စုစုပေါင်း ၅၀၄၆၅ ဦး အား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) တိုက်ကျွေးနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)