မြိတ်မြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မြိတ် ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ မြိတ်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့က ရပ်ကွက်/ကျေးရွာ ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာများရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့သည့် တစ်ဦးလျှင် (၂၀၀၀၀)ကျပ်စီကို တစ်ဦးချင်းစီလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။ မြိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၁၅)နေရာ၌ ယာယီနေရပ်စွန့်ခွာ၍ မြိတ်မြို့သို့ပြောင်းရွေ့ရောက်ရှိလာသည့် အိမ်ထောင်စု(၄၃၅)စု ပြည်သူ (၂၀၃၀)ဦးရှိကြောင်း၊ အဆိုပါ ပြည်သူများအား ထောက်ပံ့ငွေများကို ယမန်နေ့မှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။     

ခိုင်ထူး (ပြန်/ဆက်)