ထားဝယ်တက္ကသိုလ်၌ "အမျိုးသမီးများနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး"ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော

ထားဝယ် ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ထားဝယ်တက္ကသိုလ်တို့ ပူးပေါင်း၍ "အမျိုးသမီးများနှင့်ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်၌ ကျင်းပသည်။

ဟောပြောပွဲတွင်‌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပပမင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အများပြည်သူများ အသိပညာတိုးတက်မြင့်မားလာစေရန်နှင့် ပူးပေါင်းပါဝင်မှု ပိုမိုတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အမျိုးသမီးများပါဝင်မှုသည် အရေးပါပုံ၊ ပလတ်စတစ်ညစ်ညမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ပလတ်စတစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် အဏ္ဏဝါပတ်ဝန်းကျင်ကို ထိခိုက်မှုများကို အများပြည်သူများသိရှိပြီး အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းဖြင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ရရှိနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော လူမှုအဖွဲ့အစည်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ "အမျိုးသမီးများနှင့်ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(လမ်းညွှန်ချက်)၊‌ မြေပေါ်ရေ အရည်အသွေးစံချိန်စံညွှန်းနှင့် ကမ္ဘာမြေထိန်းသိမ်းခြင်းစာအုပ်များအား ပေးအပ်ရာ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက လက်ခံယူပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာသူများအား "မီးခိုးမြူငွေ့ညစ်ညမ်းခြင်း" ခေါင်းစဉ်ဖြင့်  အသိပညာပေးလက်ကမ်း စာစောင်များဖြန့် ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)