မုံရွာ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်ရေးကဏ္ဍနှင့် အမျိုးသမီးများစွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ရှိ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အမျိုးသမီးများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်နိုင်ရန်၊ မိမိတို့နိုင်ငံ၏ သဘာဝသယံဇာတပစ္စည်းများကို သားစဉ်မြေးဆက်သုံးစွဲနိုင်ရေးအတွက် မိမိတို့ရဲ့ ပတ်ဝန်းကျင်ကအစ ကာကွယ်စောင့်ရှောက်သွားကြရန် တိုက်တွန်းအမှာစကားပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နောက်တက်ရောက်လာကြသူများက သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထွန်းကိုကို