စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော် တင်လှူခြင်းအခမ်းအနား ကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၏ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူခြင်းအခမ်းအနားကို ဖေဖော်ဝါရီ(၂၇)ရက်၊ နံနက်ပိုင်းက ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ သောဠသမရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်/ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။

ထို့နောက် ဆရာတော်/ သံဃာတော်များထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ အနုမောဒနာတရားများ နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွမ်းဦးပုညရှင်စေတီတော် မြတ်ကြီး၏ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား တင်လှူပူဇော်ပေးခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)