ကျွန်းစု ဖေဖော်ဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine – OCV)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (Oral Cholera Vaccine – OCV ) ကို သက်ဆိုင်ရာ ရုံးများ၌ တိုက်ကျွေးလျက်ရှိသည်။
ကျွန်းစုမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများအား ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး တိုက်ကျွေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး တုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သင်တန်းပို့ချလျက်ရှိပြီး ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် ခုနှစ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သံသယလူနာ ၁၁၃ ဦးနှင့် ပိုးတွေ့ လူနာ ၃ ဦး တွေ့ရှိခဲ့ရာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများသောနေရာများ၌ မတ်လ ဒုတိယအပတ်မှ စတင်၍ အသက် ၁ နှစ် အထက် ကလေးနှင့် လူကြီး ၅၀၄၆၅ ဦး အား ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)