ဟုမ္မလင်း ဖေဖော်ဝါရီ ၂၇
မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဟုမ္မလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ သရုပ်ပြလေ့ကျင့်မှုကို ဟုမ္မလင်းမြို့၊ မြို့မဈေးရှေ့တွင် ယမန်နေ့နံနက် (၁၀း၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟုမ္မလင်းမြို့နယ်၊ မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဝင်းမင်းထွန်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် “မီးဘေးအန္တရာယ်များ မည်သို့ဖြစ်ပွားတတ်ကြောင်း၊ မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများ၊ မီးဘေးဖြစ်ပွားပါက စနစ်တကျတုံ့ပြန်နိုင်မည့် နည်းလမ်းများနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ပြင်ဆင်မှုများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် မြို့နယ်မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့၀င်များသည် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အောက်ဆီဂျင်ဖြတ်တောက်နည်း၊ မီးသတ်ရေပိုက်၊ မီးသတ်ဆေးဘူးတို့ဖြင့်လည်းကောင်း၊ ရေစိုအ၀တ်အသုံးပြု၍ ဆီနှင့် ဂက်စ်အိုး မီးငြှိမ်းသတ်ခြင်းတို့အပြင် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများ လျှော့ချနိုင်ရန်အတွက် မီးသတ်စက်ကိရိယာများအသုံးပြုနည်း၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဘေးကင်းစွာ ထွက်ခွာနည်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကိုလည်း လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်းနှင့် အဆိုပါလက်တွေ့သရုပ်ပြမှုတွင် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့၀င်များ၊ ဈေးသူဈေးသားများ၊ ဒေသခံပြည်သူများ ပါဝင်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)