တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၂၆

၂၀၂၅ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လာမည့်တစ်ပေါင်းလပြည့်နေ့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို ကျင်းပနိုင်ရန်အတွက်ကြိုတင်အစည်းအဝေးခေါ်ယူခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘွဲ့တံဆိပ်တော်အချို့ကို နေပြည်တော်တွင် ဆက်ကပ်မှာဖြစ်ပြီး ကျန်ဘွဲ့တံဆိပ်တော်များကို တိုင်းဒေသကြီးများတွင် တပြိုင်တည်း ဆက်ကပ်မှာဖြစ်ကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများအား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အကြုံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲသည် နိုင်ငံတော်အဆင့်အခမ်းအနားနှင့် ဆက်စပ်ပြီး လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်သောကြောင့် အရေးကြီးပြီးအမှားအယွင်းမရှိအောင် အဆင်ပြေချော့မွေ့အောင် ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသည် ဆရာတော်ဘုရားကြီးများ၏ ဂုဏပူဇော်ပွဲဖြစ်ပါကြောင်းနှင့်  ဆွမ်းဆန် စိမ်းလောင်းလှူပွဲအား စည်ကားစွာကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်းတင်ရေး၊ သံဃာတော်များ ပင့်လျှောက်ရေးနှင့် ဧည့်သည်တော်များကြိုဆိုနေရာချထားရေးနှင့် သယ်ယူပို့ဆောင်ရေး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်ရေး၊ ဆွမ်းဆန်စိမ်းလောင်းလှူရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် လုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)