မုံရွာမြို့ သူနာပြု-သားဖွားသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တွင် တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများနှင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာမြို့ သူနာပြု-သားဖွားသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီးနောက် မုံရွာသူနာပြု-သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုထိုက်က မိတ်ဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် အဆိုပါသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ယဥ်ကျေးမှု ခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။

လူငယ်စကားဝိုင်းတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး  တက်ရောက်လာကြသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း၊ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် သင်တန်းသား၊ သင်တန်းသူများအား စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်နှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)