ဘိုကလေး ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ စိန်ဟိုင်းကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာအုပ်စုများတွင် လိုအပ်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ ခင်းကျင်းနိုင်ရန် ကျေးရွာကော်မတီများက သက်ဆိုင်ရာဌာနများအပေါ် တင်ပြတောင်းခံမှုများအား ခွင့်ပြုပေးနိုင်ရေးအတွက် ယနေ့ညနေ(၃)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေး ကြည့်ရှုရာတွင် လာမည့်ဘဏ္ဍာနှစ်၌ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ခွင့်ပြချထား ခင်းကျင်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လိုအပ်သည့်သတ်မှတ်ချက်များကို ကျေးရွာကော်မတီများအား ဖြည့်စွက်အကြံပေးခြင်း၊ ကျေးရွာလူထုကိုလည်း လမ်းဖြစ်မြောက်စေရေးအတွက် ပူးပေါင်းပါဝင်ကြရန် မှာကြားဆောင်ရွက်ခြင်း၊ လက်ရှိအခြေအနေ၌ ကျေးရွာလူထုမှ ခင်းကျင်းဆောင်ရွက်ထားရှိသည့် လမ်းပိုင်းများအား ကြည့်ရှုအားပေး၍ ခွင့်ပြုငွေများချထားပေးပါက အရည်အသွေးပြည့်မှီသော လမ်းပိုင်းများဖြစ်လာရေး အလေးထားဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာန ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုများဖြင့် ဆောင်ရွက်ကြရန်မှာကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)